2010. 1. 5.

ရွှေရောင်သေတ္တာလေး..

မေးလ်ထဲကရခဲ့တာလေးပါ..ဘယ်သူရေးတာမှန်း
မသိလို့ စာရေးသူကိုဖေါ်မပြပေးတော့ ပါဘူး.
မျှဝေခံစားနိုင်ကြပါစေ..


သနားစရာ ကလေးမလေးဟာ အခန်းထောင့်မှာထိုင်ရင်း တရှုပ်ရှုပ်ငိုကြွေးနေပါတယ်…ခရစ်စမတ်သစ်ပင်ထည့်တဲ့သေတ္တာကို အလှဆင်တဲ့ ရွှေရောင် စက္ကူ လိပ်လေးကို ယူဆော့ပစ်လိုက်မိတဲ့အတွက် သူမအဖေရဲ့ အပြစ်ပေးခြင်းကို ခံထားရတာကြောင့်ပါ…. ငွေကြေးကြပ်တည်း လွန်းနေတဲ့ အခုလိုအချိန်မျိုးမှာ ကလေးမလေးရဲ့ ဖြုန်းတီးမှုအတွက် ဖခင်ဖြစ်သူက သီမခံနိုင်လောက်အောင် စိတ်ပျက်သွားမိပါတယ်..ငွေရှာရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကလေးမလေးက နားမလည်ဘူးလေ…
သို့ပေမဲ့ နောက်တစ်နေ့မနက် မိုးလင်းတော့ ကလေးမလေးက သေချာထုပ်ပိုးထားတဲ့ ရွှေရောင်လက်ဆောင် သေတ္တာကလေးတစ်ခုကို ယူလာပြီး ” ဖေဖေ ..ဒီထဲမှာ ဖေဖေ့အတွက် လက်ဆောင် သမီးထည့်ထားပါတယ်” လို့ပြောလိုက်တော့ သူမဖခင်က မနေ့က ကလေးအပေါ် ဒေါသတွေနဲ့ဆက်ဆံခဲ့မိတာ အပြစ်ပေးခဲ့မိတာကို စိတ်မကောင်းဖြစ်သွားပါတယ်… လက်ဆောင်ထည့်ထားတဲ့ သေတ္တာ ကို ဖွင့်ကြည့် လိုက်ချိန်မှာတော့ ဒေါသအိုးက ပေါက်ကွဲလုနီးပါး ပြန်ဖြစ်လာပါတယ်….သေတ္တာလေးထဲမှာက ဘာမှမရှိဘဲ ဗလာ သက်သက်သာ ဖြစ်နေပါတယ်.. “တစ်ယောက်ယောက်ကို လက်ဆောင်ပေးရင် တစ်ခုခုထည့်ပြီးမှ ပေးရတယ် ဆိုတာ မင်းနည်းနည်းမှ မသိဘူးလား ကောင်မလေး” လို့ ကြမ်းတမ်းတဲ့အမူအရာနဲ့ ဒေါသတကြီး ပြောလိုက်မိပါတော့တယ်… ကလေးမလေးက မျက်ရည်တွေပြည့်နေတဲ့ မျက်လုံးလေးနဲ့ သူမရဲ့အဖေကို ကြည့်ပြီး ”အိုး..ဖေဖေရယ်..သေတ္တာလေးက အလွတ်မဟုတ်ပါဘူး..ဒီထဲမှာ ဖေဖေ့အတွက် သမီးရဲ့အနမ်းတွေကို ပြည့်အောင်ထည့်ထားပါတယ်” လို့ ၀မ်းနည်းစွာ ပြောလိုက်ပါတယ်…. ဒီအချိန်မှာ ဖခင်ဖြစ်သူက အရုပ်ကြိုးပြတ် ၀မ်းနည်းပက်လက်ဖြစ်သွားပြီး ဒူးထောက်လှဲပြိုကာ ကလေးမလေးကို ဖက်ပွေ့လိုက်မိရင်းနဲ့ မလိုအပ်ဘဲ ထွက်မိတဲ့ ဒေါသတွေအတွက် ခွင့်လွတ်ဖို့ တစ်တွတ်တွတ်တောင်းပန်နေမိပါတော့တယ်….
သိပ်မကြာခင်အချိန်လေးမှာဘဲ မတော်တဆကြောင့် ကလေးမလေးဟာ လူ့လောကကနေ စောစီးစွာဘဲ ထွက်ခွာ သွားခဲ့ပါတယ်….သူမလေး မရှိတော့ပေမဲ့ ဖခင်ညဖစ်သူကတော့ ရွှေရောင် သေတ္တာလေးကို အိပ်ရာဘေးမှာ သူ့ဘ၀တစ်လျှောက်လုံး ထားသိမ်းဆည်းထားခဲ့တယ်….သူ့ရဲ့
ဘ၀မှာ အခက်အခဲတွေ ကြုံလာတိုင်း စိတ်ပျက် အားငယ်စရာတွေ ကြုံလာတိုင်း ရွှေရောင်သေတ္တာလေးကိုဖွင့်ကြည့်မိတယ်…..ဖွင့်ကြည့်မိတိုင်းလဲ ချစ်ခြင်းမေတ္တာအပြည့်နဲ့ စိတ်ကူးအနမ်းလေးတွေကို ထည့်ထားခဲ့တဲ့ ကလေးမလေးရဲ့မေတ္တာကို ခံစားမိရင်း ဘ၀မှာ ကြုံတွေ့နေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့အတွက် ခွန်အားသစ်တွေ အလိုလိုမွေးဖွားလာတယ်…သတ္တိတွေရှိလာတယ်….ချစ်ခြင်းမေတ္တာ ဆိုတာ အစွမ်းထက်လှသလို တန်ဖိုးဖြတ်ဖို့လဲ ခက်လှပါတယ်…
ကျွန်မတို့ရဲ့ဘ၀မှာလည်း သားသမီးတွေ၊ မိဘတွေ၊သူငယ်ချင်းမိတ်ဆွေတွေက ပေးထားတဲ့ရွှေရောင်သေတ္တာလေးတွေကိုယ်စီ ရှိကြပါတယ်…အဲဒီထဲမှာ သာမန် မျက်စိနဲ့ကြည့်လို့ မမြင်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေ အနမ်းတွေနဲ့အပြည့်ပါ…ဒီရွှေရောင်သေတ္တာလေးတွေကို တန်ဖိုးထား တတ်ဖို့သာ လိုပါတယ်… ပိုင်ဆိုင်သမျှ အဖိုးတန်အရာတွေထဲမှာ ဒီသေတ္တောလေးလောက် တန်ဖိုးဖြတ်မရတဲ့အရာ ဆိုတာ မရှိပါဘူး….အချိန် မနှောင်းခင်လေးမှာ မိမိမှာရှိတဲ့ ရွှေရောင်သေတ္တာလေးကို အချိန်မှီဖွင့်ကြည့်ကြစို့ရဲ့နော်……

0 comments:

댓글 쓰기

 

မှော်ဝန်းသား Copyright © 2009 WoodMag is Designed by Ipietoon for Free Blogger Template

^ အပေါ်သို့